မန္တလေး စက်တင်ဘာ ၂၀
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄လမ်းနှင့် ၆၂လမ်း ထောင့်ရှိ ဇီဝိတဒါန သာသနာ့အထူးကု ဆေးရုံကြီးတွင် တရုတ်ပြည် နယ်စပ်မြို့များမှ ရောက်ရှိလာကြသော နေရပ်ပြန်များအား ယမန်နေ့ နံနက် ၁၀ နာရီခွဲက ၎င်းတို့နေထိုင်ရာ နေရပ်အသီးသီးသို့ အဆင်ပြေ ချောမွေ့စွာ ပြန်နိုင်ရေးအတွက် လူစာရင်းစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ထားသည့် ထမင်းထုပ်၊ သောက်ရေသန့်ဘူးများအား ဝေငှပေးခြင်းတို့ကို တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါနေရပ်ပြန်များမှာ ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးသို့ စက်တင်ဘာ ၁၈ ရက် ည ၉ နာရီခွဲ က တရုတ်နိုင်ငံ နယ်စပ်မြို့များမှ ရထားဖြင့် ရောက်ရှိလာသူများဖြစ်ပြီး နေပြည်တော်မှ(၁၄)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ(၄)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ(၂)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၁၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၄)ဦး၊ ကရင်ပြည်နယ်မှ(၁)ဦး၊ ကချင်ပြည်နယ်မှ(၁၅)ဦး၊ စုစုပေါင်း(၅၁)ဦး ရှိကြောင်း သိရသည်။
နေရပ်ပြန်များ ၎င်းတို့နေထိုင်ရာ နေရပ်များဆီသို့ အဆင်ပြေချောမွေ့စွာပြန်နိုင်ရေး အတွက်မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့်ဝန်ထမ်းများ၊ ဒေါနဘွားရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချစ်အောင်နှင့် ရာအိမ်မှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့များနှင့်လူမှုရေးအသင်းအဖွဲ့များက နေ့စဉ်စီစဉ် ဆောင်ရွက်ပေးလျက် ရှိကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)