စဉ့်ကူးမြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

စဉ့်ကူး နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ပညာရေးမျှော်မှန်းချက်၊ အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဠာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်၊ ဘိုမျိုး(ရွှေဘို)ရေးသားသော “သူ့ကျွန်မခံအမျိုးသားမာန်” ကဗျာ၊ “အမျိုးသားရေးအားမာန်” ဆောင်းပါး၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဂုဏ်ပြုကာတွန်းနှင့် ဆောင်ပုဒ်များ စသည့် သိမှတ်ဖွယ်ရာအကြောင်းအရာများ ဖော်ပြထားသည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတများရရှိစေရန်၊ နေ့ထူးနေ့မြတ်များကိုအစဉ်သတိရစေရန်အတွက် နေ့ထူးနေ့မြတ်များတွင်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခြင်း၊ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်း၊ စာအုပ်ပြပွဲများပြသပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်