စဉ့်ကူးမြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်

စဉ့်ကူး နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် အထက(စဉ့်ကူး)မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အထက(စဉ့်ကူး)မှ အထက်တန်းပြဆရာမ ဒေါ်ယုဇာလွင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက စာဖတ်ရှိန်မြင့်မားရေးအကြောင်းအရာများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။

ဆက်လက်၍ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူ များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ အမျိုးသားရေး စိတ်ဓာတ်ရှင်သန်တက်ကြွနိုးကြားလာစေရန်နှင့် မိမိတို့နိုင်ငံ၏နေ့ထူးနေ့မြတ်များကို အစဉ်အမြဲသတိရစေရန်ရည်ရွယ်၍ အမျိုးသားနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များပြသပြီး စာအုပ်/စာစောင်များဖြင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ပေးရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်