လားရှိုးမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

လားရှိုး နိုဝင်ဘာ ၁၅ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်အား လားရှိုးမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများ၊ လူစည်ကားရာနေရာများတွင် ယနေ့နံနက် (၈)နာရီအချိန်က သွားရောက် ဖြန့်ဝေခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်နှင့် ဝန်ထမ်းများက အမှတ်(၁)၊ (၂)၊ (၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများ၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရှေ့ လမ်းသွား၊ လမ်းလာပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှထုတ်ဝေသော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၂)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ ဦးတည်ချက် များ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၏ အမည်စာရင်း များ၊  ဘိုမျိုး(ရွှေဘို)ရေးသားသည့် သူ့ကျွန်မခံအမျိုးသားမာန်(ကဗျာ)၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၂၈-၁၁-၂၀၂၁) ရက်နေ့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်နှင့် ဗိုလ်ချုပ်အောင်ဆန်း (၂၃-၁-၁၉၄၆) ရက်နေ့ ဖဆပလပြည်လုံးကျွတ်ညီလာခံကြီးတွင် တင်သွင်းသော ညီညွတ်ရေးအဆိုမှ ကောက်နုတ်ချက် စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး