မြစ်သားမြို့နယ်တွင် အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ်အဖြစ် ငွေကျပ် နှစ်သောင်းထောက်ပံ့ပေးအပ်

မြစ်သား စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့သော ငွေကျပ် ၂၀၀၀၀ အားပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မိုးက အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ကာလ ဖြစ်သည့်အတွက် လူစုလူဝေးမဖြစ်စေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Mask များ စနစ်တကျတပ်ဆင်စေခြင်း၊ လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာထား၍ တန်းစီစေခြင်း တို့ဖြင့် စနစ်တကျပြန်လည်ထုတ်ပေး ဆောင်ရွက်သွားရန်နှင့် အဆိုပါ ငွေကျပ် ၂၀၀၀၀ အား ပြည်သူများ လက်ဝယ်အရောက် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှ အချိန်မီစနစ်တကျပြန်လည်ထုတ်ပေးရန်၊ သက်ဆိုင်ရာဌာနဆိုင်ရာများကလည်း မိမိတာဝန်ကျသည့် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက် ရန်တို့ကို မှာကြားခဲ့ပြီး ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရ သည်။

မြစ်သားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၉၂)အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း (၃၆၂၃၈) အတွက် အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၇၂၄၇၆၀၀၀၀)အား သက်ဆိုင်ရာရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများ လက်ဝယ်အရောက် ပြန်လည်ထုတ်ပေးလျက်ရှိ ကြောင်း သိရှိရသည်။

ဆုမွန် (မြစ်သားပြန်/ဆက်)