ပုဗ္ဗသီရိ နိုဝင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ စိုက်ပျိူးရေးသပြေ(သပြေအနီ)များ ဈေးကောင်းရရှိသောကြောင့် တောင်သူများအကြား သပြေစိုက်ခြင်း ခေတ်စားလျက်ရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
"သပြေက ရာသီမရွေးစိုက်ပျိုးနိုင်သည့် အပင်အမျိုးအစားဖြစ်သော်ပေမဲ့ မိုးတွင်းကာလ ဝါဆိုဝါခေါင်လများတွင် စတင်စိုက်ပျိုးတာဟာ အသင့်တော်ဆုံးဖြစ်ပါတယ်၊ သပြေစိုက်ပျိုးမယ်ဆိုရင်အပင်ကို ၆လက်မခြားကာ စိုက်ဘောင်ကို ၁၈လက်မခန့်ခြားပြီး တစ်ဧကလျှင် ပျိုးပင်ခြောက်သောင်းခွဲမှ ခုနှစ်သောင်းကြား စိုက်ပျိုးနိုင်ပါတယ်၊ ၂နှစ် ၃နှစ်သားအရွယ်မှာ အပင်ကိုခုတ်လှဲပြီး တစ်လခန့်အကြာမှာတော့ ရောင်းတန်းဝင် သပြေများ အဖြစ် တူးယူရောင်းချနိုင်ပါတယ်၊ ပတ်လည်ဈေး(အရွယ်စုံ) ၁၀၀ မှ ၁၅၀၀အထိ ရရှိပြီး တစ်ဧကလျှင် ငွေကျပ် (၇၀)သိန်းခန့် ရှိနိုင်ပါသောကြောင့် အဆင်ပြေလျက်ရှိပါတယ်ဟု" သပြေစိုက်ပျိုးဖြန့်ဖြူး ရောင်းချလျက်ရှိသည့် ကိုငယ်လေးမှ ပြောကြားခဲ့သည်။
စိုက်ပျိုးရေးသပြေများဖြစ်သည့် သပြေနီ၊ သပြေညို၊ သပြေစိမ်းများရှိသည့်အနက် သပြေနီကို ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် စိုက်ပျိုးတွေ့ရှိနိုင်ပြီး အလှူမင်္ဂလာ ပွဲလမ်းသဘင်များပေါများသည့် ပွင့်လင်းရာသီအချိန်များတွင် ပြည်၊ ကျောက်ပန်းတောင်း၊ နတ်မောက်၊ ပခုက္ကူစသည့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။
သားငယ်(ပုဗ္ဗသီရိ)