မော်လမြိုင် နိုဝင်ဘာ ၁၄
မော်လမြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ် ခဲ့သည်။
ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်စာရေးဆရာအသင်းမှ ဦးတင်အောင်ဆန်းက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များနှင့် ဆောင်ပုဒ်၊ မျိုးချစ် စိတ်ဓါတ်များ နိုးကြားလာကာ မြန်မာ့လွတ်လပ်ရေးကို အရယူသည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံ၏အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် အကြိမ်ကြိမ် ဆွေးနွေးခဲ့မှုများ၊ အမျိုးသားအောင်ပွဲနေ့ကို သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့မှုများနှင့် အနာဂတ်လူငယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် ဂုဏ်ကျေးဇူးများကို မမေ့မလျော့ လက်ဆင့်ကမ်း အလေးအမြတ်ထားကြရေးစသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူ အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများ အကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူး ထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင် (ပြန်/ဆက်)