တောင်ဥက္ကလာပ နို၀င်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ သတင်းမီဒီယာကောင်စီနှင့် ပညာရေး၀န်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးအောင်ပြည့်စုံနှင့် ဘဏ္ဍာရေးမှူး ဒေါက်တာအေးလွင်(ဆေး-၁)တို့မှ ကျောင်းသား၊ ကျောင်းသူများအား Social Media မှ သတင်းများကို အလွယ်တကူမယုံကြည်ရန်၊ ဓာတ်ပုံတစ်ပုံကို အစစ်အမှန်ဟုတ်မဟုတ် ခွဲခြားနိုင်ကြောင်း၊ သတင်းအမှားများကြောင့် ဒုက္ခရောက်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)မှ စာပေရေးရာ သိမှတ်ဖွယ်ရာများကို ဆက်လက်ဆွေးနွေး ဟောပြောခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦးနှင့် ဆရာ/ ဆရာမများ တက်ရောက်ခဲ့ပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားပြီး မြောက်ခဲ့ကြောင်း သတင်းရသည်။
အင်ကြင်း (ပြန်/ဆက်)