မိုင်းငေါ့ နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှလုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မိုင်းငေါ့မြို့ အမှတ်(၃)တာလုံရပ်ကွက် သီရိမင်္ဂလာဓမ္မာရုံကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် မိုင်းငေါ့မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူများလုံခြုံမှုရှိစေရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများပေါင်း စပ်ဆောင်ရွက်ခြင်း၊ ရိုးရာဓလေ့ပွဲများ ကျင်းပရာတွင်လည်း ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားကြရန် ဆွေးနွေးသည်။
ဆက်လက်၍ မြို့အဆင့်ဌာနဆိုင်ရာများဖြစ်ကြသည့် မြို့ရဲတပ်ဖွဲ့စခန်း၊ ကုသရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဌာနအလိုက်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနအလိုက်ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများအား အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော ပြည်သူများကသိရှိလိုသည်များကို မေးမြန်းခြင်း၊ လိုအပ်ချက်များကို တင်ပြခြင်းများ ဆောင်ရွက်ရာ ဌာနဆိုင်ရာများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခြင်းများပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ဌာနဆိုင်ရာများနှင့် ပြည်သူ(၆၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်သွယ် မိုင်းငေါ့(ပြန်/ဆက်)