စဉ့်ကူး နိုဝင်ဘာ ၁၄
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို ယနေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအနေဖြင့် နေ့ထူးနေ့မြတ်များကို အစဉ်အမြဲ အမှတ်ရနေစေရန် ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၀)ဦး၊ ပုံပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၁၂)ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား စာကြည့်တိုက်လက်ထောက် ၃ ဒေါ်အေးမြမြမိုးက ဆုများပေးအပ်ချီးမြှင်ခဲ့ပြီး ပြိုင်ပွဲသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများအား အအေးနှင့်မုန့်များ တိုက်ကျွေးခဲ့သည်။
စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက် တတ်စေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်း များ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show)များအား လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)