သကြားအသစ်ပေါ်ချိန်ရောက်ရှိတော့မည်ဖြစ်၍ သကြားဈေးတက်ဖွယ်မရှိ

မဟာအောင်မြေ နိုဝင်ဘာ ၁၄

ပြည်တွင်းသကြားစက်များမှ ထုတ်လုပ်သည့် သကြားများကို ပြည်ပသို့ တင်ပို့မှုများနှင့် ပြည်တွင်းစားသုံးသူဈေးကွက်သို့ ရောင်းချလျက်ရှိရာ သကြားအသစ်ပေါ်ချိန် ရောက်ရှိတော့မည် ဖြစ်၍ လက်ရှိသကြားဈေးထက် မြင့်တက်လာဖွယ် မရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သကြားဈေးက ပြီးခဲ့တဲ့လတွေက တစ်ပိဿာကို ငွေကျပ် ၂၅၀၀ ၀န်းကျင်ရှိခဲ့ရာက အနည်းငယ်ကျဆင်းလာပြီး တစ်ပိဿာငွေကျပ် ၂၄၅၀ ၀န်းကျင်ဖြစ်လာတယ်။ ခုဆိုရင် သကြားအသစ်တွေထွက်ပေါ်တော့မှာ ဖြစ်လို့ လက်ရှိဈေးထက် မြင်တက်မယ့် အခြေအနေ မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိသကြားဈေးကွက်တွင် တစ်ပိဿာ ၂၄၅၀ ကျပ်ဖြစ်ပြီး ယင်းဈေးထက် ကျဆင်း လျှင်လည်း အနည်းငယ်သာ အပြောင်းအလဲရှိနိုင်ပြီး လာမည့်ဒီဇင်ဘာလကုန်တွင် စက်ရုံမှ သကြားအသစ်များ ထွက်ရှိလာတော့မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် သကြားဈေးမှာ တစ်ပိဿာငွေကျပ် ၂၀၀၀ ၀န်းကျင်ရှိခဲ့ရာက လက်ရှိတွင် ၂၄၅၀ ထိ ဈေးမြင့်ခဲ့ကြောင်း သိရသည်။

“ပြည်တွင်းမှာ သကြားသုံးစွဲမှုနဲ့ စားသုံးမှုတွေတိုးလာပြီး ထုတ်လုပ်မှုပိုင်းမှာလည်း တိုးချဲ့ လာကြတယ်။  ဗီယက်နမ်က တရုတ်ထက်ဈေးကောင်းပေးတော့ ဗီယက်နမ်တင်ပို့မှုက များပါတယ်။ ဒီနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလထိ ဗီယက်နမ်ကို သကြားတန်ချိန် ၉၀,၀၀၀ ကျော် တင်ပို့ခဲ့တယ်”ဟု ဆက်လက်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ကြံသီးနှံ တိုးချဲ့စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြံတောင်သူများအား မျိုးကောင်းမျိုးသန်းများနှင့် နည်းပညာများ ဖြန့်ဝေပေးခဲ့ကြောင်း၊ စက်ရုံများလည်ပတ်မှုတွင် ရက်ပေါင်း ၅၀ ကျော်မှ ရက်ပေါင်း ၉၀ ကျော် လည်ပတ်နိုင်ရန် ဆောင်ရွက်ကြမည်ဖြစ်၍ သကြားအထွက်တိုးလာနိုင်ကြောင်း သိရသည်။

အောင်ဇော်မင်း