မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်း၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းခုတ် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နေ့လယ် ၁ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ အမျိုးသားရေး စိတ်ဓာတ်ရှင်သန်တက်ကြွစေရန်နှင့် မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ''အမျိုးသားနေ့ဖြစ်ပေါ်လာပုံ''ခေါင်းစဉ်ဖြင့် အမျိုးသားနေ့ဟူသည်ကား ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ University အက်ဥပဒေအရဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၀)ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန်(ယုဒသန်)ကောလိပ် ကျောင်းသားများ ကန့်ကွက်ဆန္ဒပြသည့်နေ့ဖြစ်ကြောင်း၊ ပထမကျောင်းသား သပိတ်စတင်မှောက်သောနေ့ရက်ကို အမျိုးသားရေးအမှတ်တရအဖြစ် ''အမျိုးသားနေ့''အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသားနေ့အထိမ်းအမှတ်အသိပညာပေးနံရံကပ်စာစောင်များပြသပြီး စာအုပ်၊ စာစောင်များဖြင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ပေးရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှု့လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)