ပန်းခင်းစီမံချက်(၂)ဖြင့် သာသနာဝင် စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပျဉ်းမနား နိုဝင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ အုန်းတောပရိယတ္တိစာသင်တိုက်၊ ပိတုန်းဓမ္မဗိမာန်တော်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်တိုင်းရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်၊  မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်()ဖြင့် သာသနာဝင်စိစစ်ရေးကတ်ပြားများကို ယနေ့နေ့လယ်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်တိုင်းရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ အုန်းတောပရိယတ္တိစာသင်တိုက်၌ သီတင်းသုံးနေထိုင်သော သာမဏေ(၉၉)ပါးနှင့် ရဟန်း(၁၅)ပါးတို့အား သာသနာဝင် စိစစ်ရေးကတ်ပြားများ ဆက်ကပ်ပေးအပ်ခဲ့သည်။

"သာသနာဝင် စိစစ်ရေးကတ်ပြားက သာသနာ့တာဝန်ကိုထမ်းဆောင်တဲ့ သာမဏေ/ရဟန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကတ်ပြားတစ်ခု ဖြစ်ပါတယ်။ ဒီသာသနာဝင် စိစစ်ရေးကတ်ပြားဟာ နိုင်ငံခြားသွားရောက် သာသနာပြုလုပ်ရန်အတွက် ပတ်(စ်)ပို့ ပြုလုပ်ရာမှာ အသုံးဝင်သလို၊ တစ်မြို့နှင့်တစ်မြို့ အာဂန္တုသွားရောက်တည်းခိုရာမှာလည်း လွယ်ကူအဆင်ပြေပြီး ဘေးကင်းလုံခြုံစွာ သီတင်းသုံးနေထိုင်လို့ရပါတယ်" ဟု ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်က ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူများအတွက် ပန်းခင်းစီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေသည့်အပြင် သာသနာ့တာဝန်များကို ထမ်းဆောင်နေသည့် သာသနာဝင်၊ သာသနာနွယ်ဝင်များကိုလည်း သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင် စိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)