ဆွမ်ပရာဘွမ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီး

ဆွမ်ပရာဘွမ် စက်တင်ဘာ ၂၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူယန်အုပ်စု၊ အင်ဆိုင်းယန်ကျေးရွာ၊ အင်ကောမအုပ်စု၊ အင်ကော မကျေးရွာ၊ ဇနန်ခအုပ်စု၊ ဆူယန်ကျေးရွာ၊ ကဝါးပန်အုပ်စု၊ ကရန်ယန်ကျေးရွာတို့တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးရွာခန်းမ (၃)ခုနှင့် စာသင်ကျောင်းလမ်းအတက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

အဆိုပါ အင်ဆိုင်းယန်ကျေးရွာတွင် ကျေးရွာခန်းမ(အလျား ၅၀ ပေ ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေ)၊ အင်ကောမ ကျေးရွာတွင် စာသင်ကျောင်းအတက် ကွန်ကရစ်လမ်းခင်းခြင်း (အလျား ၄၅၀ပေ ၊ အနံ ၁၂ပေ ၊ အမြင့်၆ လက်မ)၊ ဆူယန်ကျေးရွာတွင် ကျေးရွာခန်းမ (အလျား ၅၀ ပေ ၊ အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေ) နှင့် ကရန်ယန် ကျေးရွာတွင် ကျေးရွာခန်းမ ကျေးရွာခန်းမ (အလျား ၅၀ ပေ ၊အနံ ၃၀ ပေ ၊ အမြင့် ၁၂ ပေ) တို့ကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း (၁၀၀)နှင့် ပြည်သူလူထု ထည့်ဝင်ငွေများ စုပေါင်း၍ မေလ ၇ ရက်နေ့မှ စတင်ကာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကော်မတီနှင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် တာဝန်ယူဆောင်ရွက်ပြီးစီးခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ယင်လုပ်ငန်းများ ပြီးစီးသောကြောင့် မြို့နှင့်အလှမ်းကွာဝေးသော ကျေးရွာများတွင် အခမ်းအနားများ၊ ဘာသာ ရေးပွဲများနှင့် အစည်းအဝေးပွဲများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ပြီး နောင်မျိုးဆက်သစ် လူငယ်တွေအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကုဋေ ( ဆွမ်ပရာဘွမ် ပြန်/ဆက်)