ကျိုက်မရော နိုဝင်ဘာ ၁၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးနှင့် ဝန်ထမ်းများက ဦးစီးဌာနက ထုတ်ဝေသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားအားမာန်၊ အမျိုးသားနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဠာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်၊” အမျိုးသားအောင်ပွဲနေ့ “အထိမ်းအမှတ်ဂုဏ်ပြု ကာတွန်း၊ ကဗျာနှင့် ဆောင်ပုဒ်များနှင့် ပါတ်သက်သည့် သိမှတ်ဖွယ်ရာများကို ကဏ္ဍစုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)