ချမ်းအေးသာစံ နိုဝင်ဘာ ၁၄
ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန်၊ ဖတ်မှတ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးမောင်မောင်က ပြိုင်ပွဲ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကို ဆက်လက် ကျင်းပရာ အမှတ် ၂၉ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့် ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ အမှတ် ၂၉ အခြေခံပညာ မူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာဖတ်ပရိတ်သတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်