ကျိုင်းတုံ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမိုးဆန်းထွန်းက ထိုပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပထမအကြိမ် အခြေခံ စားသောက်ကုန် (၅)မျိုးထောက်ပံ့ပေးအပ်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိသည့် အိမ်ထောင်စုများအား ငွေကျပ် (၁၅၀၀၀)စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ထို့နောက်ဒုတိယအကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ယခုတတိယအကြိမ် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ (၃၈)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စု (၉၅၄၄) စု အတွက် တစ်အိမ်ထောင်စု လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၉၀၈၈၀၀၀၀)အား ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)