မိုင်းဆတ် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက အဆိုပါ သင်တန်းကျောင်းတွင် စာပေစကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အနာဂတ်လူငယ်များ အသိဉာဏ်ပညာဗဟုသုတ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာကျွမ်းကျင် တတ်မြောက်ပြီး ရဲဝံ့စွာပြောဆိုတတ်စေရန်စသည်တို့ကို ရည်ရွယ်၍ စာပေစကားဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန္တာအေးက လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သင်တန်းသူမပိုးအိဖြူက စပ်စုလိုစိတ်၊ စူးစမ်းလိုစိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးနှင်းဝေက ဖယောင်းလမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဝင်းသီတာရှိန်က ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချိုသက်မွန်ကသောမတ်အယ်ဒီစင်၏ တီထွင်မှုများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာပေစကားဝိုင်းသို့ တက်ရောက်နားဆင်ကြသည့် သင်တန်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)