(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်

လင်းခေး စက်တင်ဘာ ၂၀

၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆို သောအားဖြင့် လင်းခေးမြို့နယ် ရဲတပ်ဖွဲ့ဝင်များ မိသားစု၊ မြို့မရဲစခန်း တပ်ဖွဲ့ဝင်မိသားစုတို့က လင်းခေးမြို့နယ် ပုန်းထွန်အခြေခံ ပညာအလယ်တန်းကျောင်းခွဲ ကျောင်းဝင်းအတွင်း သန့်ရှင်းရေး စုပေါင်းလုပ်အား ပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တပ်ဖွဲ့ဝင်မိသားစုများသည် အဆိုပါကျောင်း ပုရိဝဏ်အတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ သိမ်းဆည်းစွန့်ပစ်ပေးခြင်းနှင့် တပ်ဖွဲ့ဝင်များက မြက်ရိတ်စက်ဖြင့် မြက်များ ရှင်းလင်းပေးခြင်းတို့ကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဦးမှ ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင် ၃၀ ဦး၊ မိသားစုဝင်များ(၂၁)ဦး စုစုပေါင်းအင်အား ၅၁ ဦးတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)