မြစ်ကြီးနား နိုဝင်ဘာ ၁၄
ကချင်ပြည်နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ Physical fitness dance ပြိုင်ပွဲနှင့် မြန်မာ့သိုင်း သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မွန်းလွဲ ၁ နာရီတွင် Physical fitness dance ပြိုင်ပွဲကို အမှတ် (၁) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမတွင် ကျင်းပရာ သင်တန်းသူလေးများက အဖွဲ့ (၁၀) ဖွဲ့ဖြင့် အုပ်စုလိုက် ယှဉ်ပြိုင်ကပြခဲ့ကြပြီးရာ ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် မွန်းလွဲ ၂ နာရီတွင် အမှတ် (၂) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မြန်မာ့သိုင်းသင်တန်းဆင်းပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ သင်တန်းသားများက မြန်မာ့သိုင်းပညာ ဓားခုတ်၊ လှံထိုး၊ တုတ်သိုင်းများဖြင့် တစ်ဦးခြင်းနှင့် အဖွဲ့လိုက် သရုပ်ပြသခဲ့ကြပြီး သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရ သင်တန်းသားများအား ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် အဆိုပါ မြန်မာ့သိုင်းသင်တန်းကို အောက်တိုဘာ ၂၉ ရက်မှ စတင်၍ အပတ်စဉ် ကျောင်းပိတ်ရက်များ၌ နည်းပြဆရာကြီး ဦးချစ်သူနှင့် နည်းပြဆရာများက လက်နက်မဲ့ဗန်တို အတိုက်/အခိုက်၊ ခုခံကာကွယ်နည်း၊ ဓားခုတ်၊ လှံထိုး တစ်ဦးခြင်းနှင့် အဖွဲ့လိုက် သိုင်းပညာများအား လေ့ကျင့်သင်ကြားပေးခဲ့ကာ သင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)