မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကျင်းပ

မိုင်းယန်း နိုဝင်ဘာ ၁၄

မြို့နယ်အတွင်းရှိ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မြို့ယန်းမြို့နယ် မြို့နယ်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ကလေးသူငယ်များ၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လူမူဝန်ထမ်းဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းစိုးက လူမူဝန်ထမ်းဦးစီးဌာနမှ လူမူဝန်ထမ်းမူဝါဒနှင့်အညီ နိုင်ငံတော်ကိုယ်စား လူမူရေးချို့တဲ့သည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများကို စောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ ပြည်သူလူထုများ၊ စေတနာ့ဝန်ထမ်း လူမူရေးအဖွဲ့အစည်းများမှ လည်း လူမူဝန်ထမ်းဦးစီးဌာနနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမူဝန်ထမ်းဦးစီးဌာနရဲ့ လုပ်ငန်း(၇)ရပ်မှ ပထမဆုံးလုပ်ငန်းဖြစ်တဲ့ ရှေးဦးအရွယ်ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် ကလေးသူငယ်များဖြစ်တဲ့ အသက်(၃)နှစ်မှ (၅)နှစ်အတွင်း ကလေးများအား မူလတန်းကြိုကျောင်းများ ဖွင့်လှစ်လျက် မူကြိုကလေးများအား နည်းစနစ်မှန်မှန်ဖြင့် သင်ကြားပေးနိုင်ရန်၊ တိုင်း/ပြည်နယ်/ခရိုင်များတွင် (ECCD)သင်တန်းများ ဖွင့်လှစ်လျှက်ရှိပါကြောင်း၊ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်နှင့်အညီ မြို့နယ်/ရပ်ကွက်/ကျေးရွာအတွင်းရှိ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ပါကြောင်း၊ မိဘမဲ့ကလေးများ ခိုကိုးရမဲ့ကလေးများအား လူမူဝန်ထမ်းဦးစီးဌာနမှ သင်တန်းကျောင်းများဖွင့်လျက် လက်ခံစောင့်ရှောက်လျှက်ရှိပါကြောင်း၊ မွေးကင်းစစွန့်ပစ် ကလေးသူငယ်များတွေ့ရှိပါက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမူရေးအဖွဲ့အစည်း၊ မိခင်နှင့်ကလေး အဖွဲ့အစည်းများမှ ပူးပေါင်းပြီး လူမူဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်သော ကလေးပြုစုရေးဌာနသို့ ပို့ဆောင်ခြင်းဖြင့် ကလေးများကို စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးတစ်ရပ်ရဲ့ ဆုံးရှုံးနစ်နာခြင်းဖြစ်ပေါ်ပါက နစ်နာသူ ကလေးသူငယ်ကိုယ်တိုင်ဖြစ်စေ၊ မိဘအုပ်ထိန်းသူကဖြစ်စေ၊ နီးစပ်ရာပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ သက်ဆိုင်ရာကော်မတီ၊ သက်ဆိုင်ရာအစိုးရဌာနများသို့ တင်ပြတိုင်တန်းခွင့်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)