ညောင်ဦးမြို့နယ်၌ ပင်ပြန့်မြေပဲနှုတ်သိမ်းချိန် မြေပဲခြွေစက်များအသုံးပြုမှုများလာ

ညောင်ဦး  နိုဝင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ပင်ပြန့်မြေပဲခေါ်ခြောက်လမြေပဲနှုတ် သိမ်းချိန်မြေပဲခြွေစက်များအသုံးပြုမှုများလာခြင်းကြောင့် မြေပဲစိုက်ပျိုးတောင်သူများ လုပ်ငန်းလုပ်ကိုင်ရာတွင် အမြန်ပြီးစီးမှုများလာပြီး ကုန်ကျစရိတ်လည်း သက်သာလာကြောင်း ညောင်ဦးမြို့နယ် တောင်ရှေ့ကျေးရွာ မြေပဲစိုက်ပျိုးတောင်သူ ဦးမောင်မောင်ဝင်း ထံကသိရသည်။

ညောင်ဦးမြို့နယ်တွင် ပင်ပြန့်မြေပဲခေါ်ခြောက်လမြေပဲများစိုက်ပျိုးမှုယခုနှစ်တွင် များပြားခဲ့ပြီး မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ မြေပဲများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းလည်းကောင်းမွန်ခဲ့ကြောင်း၊ ခြောက်လမြေပဲများစတင်စိုက်ပျိုးချိန်က မြေပဲဆံတစ်တင်း ၅၅၀၀၀ ကျပ်ပေး ဝယ်စိုက်ပျိုးခဲ့ရပြီး၊ မြေယာထွန်ယက်ခ ထွန်စက်တစ်နာရီ ၂၁၀၀၀ ကျပ်၊ နွားရှဉ်းတစ်မနက်ထွန် ယက်ခ ၈၀၀၀ကျပ်၊မြေပဲစိုက်သမတစ်ဦး ၃၅၀၀ကျပ်ပေး စိုက်ပျိုးခဲ့ရပြီး၊ မြေပဲနှုတ်သိမ်းချိန် မြေပဲနှုတ်လွယ်ကူစေရန် ထွန်စက်ဖြင့်သံဓားဖြတ်ပြီး မြေပဲစုအလုပ်သမားများပြန်လည်ငှားရ ကြောင်း၊ မြေပဲပင်များ တစ်နေ၊နှစ်နေလှမ်းပြီး ချိန်မြေပဲတောင့်ခြွေစက်များအသုံးပြု ခြွေခြင်းများ ကြောင့် အချိန်ကုန်ကျမှုသက်သာစေပြီး လုပ်ငန်းလည်ပတ်မှုလည်းလျင်မြန်စေကာ မြေပဲခြွေ လှေ့ခတစ်တင်း ၁၄၀၀ကျပ်သာ ပေးရခြင်းက မြေပဲခြွေလှေ့စက်များအသုံးပြုမှုတွင် ကျယ်လာစေကြောင်းသိရသည်။ ညောင်ဦးမြို့နယ်တွင် ယခုနှစ်မိုးရွာသွန်းမှုကောင်းခြင်းကြောင့် မြေပဲ အထွက်နှုန်းကောင်းမွန်ပြီး မြေပဲတစ်တင်းကျ(ချ)စိုက်ပျိုးမှု မြေပဲတင်း ၂၀မှ ၂၅ တင်းအထိ ထွက်ရှိခဲ့ပြီး ကျေးလက်တောင်သူများ မျှော်လင့်နေသည့် မြေပဲအထွက်နှုန်းလည်းဖြစ်ကြောင်း သိရကာ မြေပဲခြွေလှေ့စက်များ အသုံးပြုမှုများလာကြောင်း မြေပဲစိုက်ပျိုးတောင်သူများကရှင်းပြ ၍ သိရသည်။

ကိုကြေးမုံ