သထုံ နိုဝင်ဘာ ၁၄
မွန်ပြည်နယ်၊ သထုံခရိုင်မီးသတ်ဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေ ကယ်ဆယ်ရေးသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈)နာရီ အချိန်ခန့်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက မျက်မှောက်ကာလ၌ ရာသီဥတုဖောက်ပြန်မှုများကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များ မကြာခဏကြုံတွေ့နေရကြောင်း ယခုသင်တန်းသည် ဘေးအန္တရာယ်များကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ တုံ့ပြန်ရင်ဆိုင်ကြမည့် မိတ်ဖက်အဖွဲ့အစည်းများ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူတို့ကို နိုင်ငံတကာတွင်အသုံးပြုနေသည့် ခေတ်မီအခြေခံရှာဖွေ ကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာအသုံးပြုတတ်စေရန်နှင့် အခြေခံရှာဖွေ ကယ်ဆယ်ရေးနည်းစနစ်များကို လက်တွေ့လေ့ကျင့်နိုင်ရန် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မွန်ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက သင်တန်းသားများကို အားပေးစကားများပြောကြားကာ ခင်းကျင်းပြသထားသည့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများကို လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် မီးသတ်တပ်ဖွဲ့၏အခန်းကဏ္ဍနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များ၊ အခြေခံကြိုးချည်နည်းများ၊ ကြိုးအသုံးပြု၍ ကယ်ဆယ်ခြင်း နည်းစနစ်များ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ကိုင်တွယ်ထိန်းသိမ်း အသုံးပြုခြင်းများ၊ အသက်ရှူကိရိယာ အသုံးပြုခြင်းနှင့် အမှောင်ထုအတွင်း လှုပ်ရှားသွားလာခြင်း၊ ရေတွင်းအသက်ကယ်ဆယ်ရေး၊ တောင်ပေါ် အသက်ကယ်ဆယ်ရေး၊ အဆောက်အဦပြိုကျမှု ရှာဖွေကယ်ဆယ်ရေး၊ ယာဉ်မတော်တဆမှုများ အခြေခံအသက်ကယ်နည်းစနစ်နှင့် လူနာသယ်ဆောင်နည်း စသည့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ သင်ခန်းစာများကို (၁၀) ရက်ကြာ စာတွေ့လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ပြီး သထုံခရိုင်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးပရဟိတအသင်များမှ သင်တန်းသား စုစုပေါင်း(၅၀)ဦး တက်ရောက်ကြ ကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)