လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) ဉာဏ်စမ်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာလုံးပေါင်းသတ်ပုံ ရွေးချယ်ပြိုင်ပွဲပြုလုပ်

လားရှိုး နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၉) နာရီအချိန်က ရွှေဧရာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အကြို) ဉာဏ်စမ်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာလုံးပေါင်းသတ်ပုံရွေးချယ်ပြိုင်ပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လားရှိုးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ဉာဏ်စမ်းပဟေဋိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာလုံးပေါင်းသတ်ပုံ ရွေးချယ်ပြိုင်ပွဲများနှင့် စပ်လျဉ်း၍ ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာဖတ်စွမ်းရည်ပြိုင်ပွဲအား ပြည်သူ့စာကြည့်တိုက်ခန်းမတွင် လည်းကောင်း၊ စာလုံးပေါင်းသတ်ပုံ အမှန်ရွေးချယ်ပြိုင်ပွဲအား အစည်းအဝေးခန်းမတွင်လည်းကောင်း၊ ဉာဏ်စမ်းပဟေဋိပြိုင်ပွဲအား သင်တန်းခန်းမတွင်လည်းကောင်း  တပြိုင်နက်တည်းကျင်းပရာ ရွှေဧရာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက်  ရွှေဧရာကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြတိုက်ငယ်အား လည်းကောင်း၊ စာကြည့်တိုက်ခန်းမတွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် (၁၀၂) နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များအားလည်းကောင်း  ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။              

စိုင်းအောင်ကျော်စိုး