လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အသိပညာပေး(Talk Show)ပြုလုပ်

လှိုင် နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ရဲအောင်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်စာရေးဆရာအသင်းနာယက ဦးမင်းဆက်ပိုင်က အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များနှင့်ဆောင်ပုဒ်၊ မျိုးချစ်စိတ်ဓါတ်များ နိုးကြားလာကာ မြန်မာ့လွတ်လပ်ရေးကို အရယူသည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံ၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်အကြိမ်ကြိမ် ဆွေးနွေးခဲ့မှုများ၊ အမျိုးသားအောင်ပွဲနေ့ကို သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့မှုများနှင့် အနာဂတ်လူငယ်များအနေဖြင့် အမျိုးသား အောင်ပွဲနေ့နှင့်ပတ်သက်သည့် ဂုဏ်ကျေးဇူးများကို မမေ့မလျော့ လက်ဆင့်ကမ်း အလေး အမြတ်ထားကြရေး စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျော်ရဲအောင်(ပြန်/ဆက်)