တံတားဦးမြို့နယ် ပြန်/ဆက်ဦးစီးဌာနမှ ကျောင်းသား/သူများအား နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ နံရံကပ်ဓါတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တံတားဦး  နိုဝင်ဘာ  ၁၄

တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန် မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်း များကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ပန်းယျကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်း သိရသည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် ပန်းယျ‌ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးခိုင်က အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှု လေ့လာ သင့်ပါကြောင်း ၊ ဒါ့အပြင် ကျောင်းသား/သူများ အဆင်ပြေစေရန်အတွက် သုတ ၊ ရသ စာအုပ်စာစောင် မျိုးစုံများ စီစဉ်ထားရှိပြီး စာအုပ်အသစ်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို စနစ်တကျ လေ့လာမှတ်သားကြစေလိုကြာင်း ပြောကြားသည်။

ထို့နောက် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်ဓါတ်ပုံပြပွဲတို့ကို ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုကြပြီး  Mobile စာကြည့်တိုက်ကို အခမဲ့ငှားရမ်းပေးသည်။ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများ စာပေကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက်  ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက် ၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့လည်း မည်သူမဆို အခမဲ့ အသင်းဝင်ရောက်ပြီး အခမဲ့လာရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)