မိုင်းယန်း စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် အောက်တို ဘာလ ၁ ရက်နေ့တွင် ရောက်ရှိမည့်(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မိုင်းယန်းမြို့နယ် ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တပ်ဖွဲ့ဝင်အရာရှိ(၅)ဦး၊ အခြားအဆင့်(၂၀)ဦး စုစုပေါင်း(၂၅)ဦးဖြင့် ယမန်နေ့ နံနက် (၉) နာရီအချိန်ခန့်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရပြီး ဆေးရုံဝင်းအတွင်းရှိ သစ်ပင်ချုံနွယ် များ ရှင်းလင်းပေးခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ဆယ်ခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုနှင့်ပတ်သက်၍ မိုင်းယန်းမြို့နယ် ရဲတပ်ဖွဲ့ မှရဲမှူး အောင်အောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အဓိကရည်မှန်းချက်တာဝန်(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးတို့အပြင် ပြည်သူ့အကျိုးပြု လုပ်ငန်း ဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း၊ မိမိတို့ရဲတပ်ဖွဲ့ဝင်များအနေနှင့် ကိုယ်ကျင့်သီလကောင်းမွန်၍ အဂတိလိုက်စားမှု ကင်းရှင်း ကာ ရည်မှန်းချက် တာဝန်(၄)ရပ်နှင့်အညီ တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်နေသည့် နိုင်ငံ့ပုံရိပ်ကောင်းအောင်၊ ပြည်သူချစ်ပြီး လေးစားအောင် အစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ သည်။
ထွန်းထွန်းထူး(ပြန်/ဆက်)