ကျောက်ဆည် နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၁၁)နာရီခွဲက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မိုးမြင့်က မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်စောဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
၎င်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် မဲပေးမှု စနစ်များနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းပြောကြားကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မိုးမြင့်က နိဂုန်းချုပ်လမ်းညွှန်စကားများ ပြောကြားခဲ့ကြောင်းသိရှိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်တို့မှ အုပ်ချုပ်ရေးမှူးများ၊ ကော်မရှင်ဦးစီးအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှူးရုံးများမှ ဦးစီးမှူးများနှင့် ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊ တံတားဦး၊ ငါးဇွန် မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ၊ ကော်မရှင်ဦးစီးအရာရှိများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးမှူးရုံးများမှ ဦးစီးမှူးများ တက်ရောက်ခဲ့ကြကြောင်းနှင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး မြို့နယ်များတွင် ရပ်ကွက်ပေါင်း(၂၉)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၂၇၇)အုပ်စု၊ ကျေးရွာပေါင်း(၃၀၆)ရွာ၊ ရပ်ကွက်/ကျေးရွာမဲဆန္ဒရှင်မဲရုံပေါင်း(၇၅၀)ရုံ၊ တပ်မတော်မဲဆန္ဒရှင်မဲရုံ(၂၀)ရုံ၊ စုစုပေါင်း မဲဆန္ဒရှင်မဲရုံးပေါင်း(၇၇၀)ရုံ၊ ခန့်မှန်းမဲဆန္ဒရှင်(၅၆၄၇၃၆)ဦးနှင့် ရှမ်းတိုင်းရင်းသား(၂၄၁)ဦး ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)