မိတ္ထီလာ နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (SAEM Project)ဖြင့် စိုက်ပျိုးထားရှိသည့် စိုက်ဧက ၁၀၀ ရှိ မျိုးစေ့ထုတ် မိုးနေကြာများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၌ ဒေသတွင်း နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် မိတ္ထီလာမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ် စိုက်ဧက ၁၀၀ ကို စိုက်ပျိုးလျက်ရှိရာ မြို့နယ်အတွင်းရှိ ကန်တောင်၊ ကွက်ငယ်၊ ရွာသစ်၊ လှည်းပွဲ၊ ကန်သာအေး၊ ကြွယ်ကန်၊ ဇရပ်ကုန်း၊ ရေချိုကျေးရွာများရှိ တောင်သူ ၆၀ ဦးက မျိုးစေ့ထုတ် မိုးနေကြာကို သြဂုတ်လ ဒုတိယအပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးနေကြာမျိုးစေ့ထုတ် ဧက၁၀၀ တွင် စိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့်နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက ကွင်းဆင်း၍ နည်းပညာများ ပံ့ပိုးကူညီပြီး မိုးနေကြာမျိုးစေ့ထုတ် စိုက်တောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါမိုးနေကြာမျိုးစေ့ထုတ်စိုက်ဧက ၁၀၀မှ ထွက်ရှိလာသည့် မျိုးများကို ဒေသတွင်း နေကြာစိုက်ပျိုးမည့် တောင်သူများအား ပြန်လည်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)