ဆီဆိုင်မြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ဆီဆိုင် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတ မြင့်မားလာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေးထက်မြက်လာစေရန်၊ အမျိုးသားအောင်ပွဲနေ့ကို မမေ့ဘဲ အမြဲသတိရအောက်မေ့ နေစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူထက်အဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေက အဖွင့်အမှာစကား ပြောကြားပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူထက်အဆင့် ကျောင်းသား၊ ကျောင်းသူများက (၁၀၂) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် မိမိကြိုက်နှစ်သက်ရာ ကဗျာခေါင်းစဉ်ဖြင့် ရွတ်ဆိုယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးချစ်ရဲ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မူထက်အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နိုဝင်ဘာ ၁၆ ရက်နေ့တွင် အခမ်းအနားဖြင့် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)