မိုးနဲမြို့နယ် ဆင်တောင်(လွိုင်စန့်)ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေ ထိန်းသိမ်းရေးလုပ်ငန်းများ စတင်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

မိုးနဲ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင် မိုးနဲမြို့နယ်ကျက်သရေဆောင် ဆင်တောင် (လွိုင်စန့်) ရှေးဟောင်း ဘုရားစေတီ ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ ထိန်း‌သိမ်းရေးကြီးကြပ်မှု‌ကော်မတီအနေဖြင့် ဆင်တောင် (လွိုင်စန့်) စေတီမြေထိန်းနံရံ ပြုပြင်ထိန်းသိမ်းရေးအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် နာရီခွဲအချိန်က အဆိုပါစေတီတော်နေရာ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ပန္နက်တင်မင်္ဂလာအခန်းအနားတွင်၊ မြို့နယ်ဩဝါဒါစရိယဆရာတော် ဘန္ဒန္တမာဃိန္ဒ၊ မြို့နယ် သံဃနာယကဥက္ကဆရာတော် ဘန္ဒန္တဂန္ဓမာနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဝင်မြင့်တို့က သတ်မှတ်နေရာများတွင် ပန္နက်ရိုက်တင်ပေးခဲ့ကြပြီး သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မြို့နယ်သံဃနာယကဆရာတော်ထံမှ ဩဝါဒခံယူခဲ့ကြပြီး သံဃာတော်များ ရွက်ဖတ်ပူဇော်သောတရားတော်များကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတီတော်ပြုပြင်ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အတူတကွနားယူခဲ့ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)