မိတ္ထီလာ နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် သရက်ပင်ကျေးရွာအုပ်စု သရက်ပင်(အရှေ့)ကျေးရွာရှိ ဒေသခံများသွားလာရအဆင်ပြေစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ Cash For Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် အရှည် ပေ ၂၄၅၀ပေ ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကျေးရွာတွင်းလမ်းအား မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို သြဂုတ်လ ၆ ရက်နေ့မှစတင်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ပြီး ကျေးရွာသူကျေးရွာသားများကစုပေါင်း၍ ဆောင်ရွက်လျက်ရှိရာ အဆိုပါကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများပြီးစီးပြီဖြစ်၍ အိမ်ခြေ ၁၁၆ အိမ်၊ လူဦးရေ ၇၆၇ ဦးရှိသည့် သရက်ပင်(အရှေ့)ကျေးရွာမှ ဒေသခံပြည်သူများ ရာသီမရွေး သွားလာရအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ထောက်ပံ့ရန်ပုံငွေ ကျပ် သိန်း(၁၀၀)ဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသော ကျေးရွာ၏လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်စေပြီး ကိုဗစ်ကာလအတွင်း ဝင်ငွေနည်းကျေးလက်ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလှမ်းများဖော်ဆောင်ပေးခြင်း ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့် Cash For Work စီမံကိန်းကို အကောင်အဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)