မလှိုင် နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မိုးဦးကာလက စိုက်ပျိုးထားသော သုံးလပင်ထောင် မြေပဲနှင့် လေးလ (ပင်ပြန့်ရောင်) မြေပဲများ ယခုကာလတွင် လှိုင်လှိုင်ထွက်ရှိနေချိန်ဖြစ်၍ မြေပဲအငှါးလိုက်ဆွတ်သူများ အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။
မလှိုင်မြို့ နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် သုံးလပင်ထောင်မြေပဲ ဆင်းပဒေသာ(၁၁)၊ ခါးတုတ်မျိုးနှင့် လေးလ(ပင်ပြန့်ရောင်) မြေပဲများကို မိုးဦးနှမ်းသီးနှံ ရိတ်သိမ်းအပြီး ဩဂုတ်၊ စက်တင်ဘာလများတွင် စတင်စိုက်ပျိုးခဲ့ကြပြီး ယခုကာလသည် မြေပဲများ ဖေါ်ယူနေချိန်ဖြစ်၍ မြေပဲ အငှားလိုက်ဆွတ်သူများ များပြားပြီး အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ “ မြေပဲ ဆွတ်ခအနေနှင့် တစ်တင်းကို နှစ်ပြည် ရကြောင်း၊ တစ်နေကုန် ဆွတ်ရင် ကိုယ် တွက် ၆ /၇ ပြီ တော့ အနည်းဆုံး ရရှိကြောင်း ၊ အိမ်စားဖို့ လုံလောက်ရင် အပိုကို ပြန်ရောင်းကြောင်း၊ တစ်ပိသာကို (၁၈ဝဝ/ ၁၉၀၀))ကျပ် ရောင်းရတော့ တစ်ခြားနေ့စား အလုပ်လုပ်တာထက်တော့ ပိုအဆင်ပြေကြောင်း ၊ မြေပဲ ဆွတ်သူ ဒေါ်ကေ ” က ပြောပြသည် ။
ထို့အပြင် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုကလည်း မလှိုင်မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများအနေဖြင့် မြေပဲကို မိုးဦးနှမ်းသီးနှံအပြီးတွင် စိုက်ပျိုးလေ့ရှိပြီး ယခုနှစ်တွင် မြေပဲစိုက် ဧက (၂၉၃၂၁)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ ထို့အပြင် ဆင်းပဒေသာ(၁၁)မျိုးနှင့် ဒေသအခေါ် ခါးတုတ် မြေပဲမျိုးသည် သက်တမ်းအားဖြင့် (၁ဝ၅/၁၁ဝ ) ရက်သာရှိပြီး မိမိတို့ ဒေသ ရေ ၊ မြေ ၊ ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သဖြင့် မျိုးပွားနိုင်အောင် မျိုးပွား၊ မျိုးသန့်စံပြ စိုက်ကွက်များထူထောင်ပြီး မျိုးသန့်ပြန့်ပွားအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း ပြောပြ၍ သိရသည်။
အောင်ဌေး(မလှိုင်)