ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းတိုက်ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ မိုင်းခတ်မြို့၊ မိုင်းနှုန်းနှီးဘုရားကြီးအား လာရောက်ဖူးမြော်ကြည်ညို

မိုင်းခတ် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တခေမာစာရအမှူးပြုသည့် သံဃာတော်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ၊ ရှမ်း(အရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များသည့် ယမန်နေ့နံနက်ပိုင်းက ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ မိုင်းနှုန်းကျေးရွာအုပ်စု၊ ပါကန်ကျေးရွာ၌ တည်ထားတော်မူသည့်  မိုင်းနှုန်းနှီးဘုရားကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ရှေးဦးစွာ မိုင်းနှုန်းနှီးဘုရားကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်ပြီး ငါးပါးသီလခံယူ ဆောက်တည်ကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ မိုင်းနှုန်းနှီးဘုရားကြီး၊  ဂန္ဓကုဠိကျောင်းတိုက် ပြုပြင်၊ တည်ဆောက်ရေးအတွက် ဆရာတော်ကြီးများ၏ ဩဝါဒခံယူကာ တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းနှုန်းနှီးဘုရားကြီးသည် မိုင်းခတ်မြို့မှ ၉ မိုင်ခန့်အကွာတွင်တည်ရှိပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၇၀၀ ကျော်ခန့်က ဝါးနှီးဖြင့် ယက်လုပ်ပူဇော်ထားသည့် ရှေးဟောင်းရုပ်ပွားတော် တစ်ဆူဖြစ်သည်။

မြို့နယ်(ပြန်/ဆက်)