ရန်ကင်း စက်တင်ဘာ ၁၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေး အတွက် မြို့နယ်အတွင်းရှိ စောင့်ကြည့် လူနာများအား သီးခြားနေထိုင်စောင့်ကြပ် ကြည့်ရှုမှုများ ပြုလုပ်သွားနိုင်ရန်အတွက် အမှတ်(၄)ရပ်ကွက်တွင်ရှိသော အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းရှိ စာသင်ကျောင်းဆောင်ကို ယမန်နေ့ နံနက် (၇) နာရီမှစတင်ပြီး Quarantine Centre အဖြစ် ဖွင့်လှစ်ထား ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၊ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာန၊ လျှပ်စစ်ဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် ရပ်ဖိရပ်ဖများက အ.ထ.က(၁)ကျောင်း စာသင်ဆောင်ကို Quarantine Centre အဖြစ် ဆောင်ရွက် ထားရှိနိုင်ရေး ကြိုတင်ပြင်မှုများ ကိုစနစ်တကျ ဆောင်ရွက်ပြီး သီးခြားစောင့်ကြည့်လူနာများ နေထိုင် စားသောက်ရေး အဆင်ပြေစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် မြို့မိမြို့ဖများက ညှိနှိုင်း ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ ရန်ကင်းမြို့နယ် အ.ထ.က(၁)စာသင်ကျောင်းရှိ Quarantine Centre တွင် သီးခြား စောင့်ကြည့်သူများကို ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေး ကျန်းမာရေးနှင့် အားကားစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စောင့်ကြပ်ကြည့်ရှု သွားမည်ဖြစ်ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)