ကျောက်ဆည်၊ စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် အေးချမ်းစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၂၂၀) ဦး ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မဲဆန္ဒနယ်မြေအမှတ်(၁)တွင် မဲရုံ(၁၀၉)ရုံ၊ မဲဆန္ဒနယ်မြေအမှတ် (၂) တွင် မဲရုံ (၁၁၁) ရုံရှိပြီး မဲရုံများလုံခြုံရေးအတွက် အထူးရဲ (၂၂၀) ဦးကို ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် အေးချမ်းစွာမဲပေးနိုင်ရေး ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေအကြောင်းအရာများ၊ အခြေခံစစ်ရေးပြဘာသာရပ်များကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၂၈) ရက်နေ့အထိ စာတွေ့လက်တွေ့ သင်တန်းဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သာမန်အရပ်သားများအား သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကို ရွေးချယ်ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးရဲတာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံရသူများအား မိမိတို့နေထိုင်သည့် ရပ်ကွက်/ကျေးရွာများရှိ မဲရုံများတွင် ဦးစားပေးတာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် မဲရုံလုံခြုံရေး၊ ဆန္ဒမဲပေးသူများ အေးချမ်းစွာဆန္ဒမဲပေးနိုင်ရေး၊ ဆန္ဒမဲလက်မှတ်များထုတ်ယူခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ဆန္ဒမဲလက်မှတ်များပြန်လည်ပေးပို့ရာတွင် လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း မြို့မရဲစခန်းမှ ရဲအုပ်သက်ဆွေက ပြောကြားသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)