ပြင်ဦးလွင်မြို့တွင် လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင်  နိုဝင်ဘာ  ၁၃

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  ယမန်နေ့မွန်းလွဲ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယ လက်ထောက်ဦးစီးမှူး ဦးသူရတို့က လေထုညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာအကြောင်း ဆွေးနွေးခဲ့သည်။

လေထုညစ်ညမ်းမှုလျှော့ချရေးအကြောင်း ဆွေးနွေးရာတွင် လေထုညစ်ညမ်းမှုဟုဆိုရာတွင် လေထုအတွင်း မလိုလားအပ်သည့် ဓာတုပစ္စည်းနှင့် အခြားအရာများပါဝင်နေမှုကြောင့် လေအရည် အသွေးကျဆင်းခြင်းဟူ၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အဓိပ္ပါယ်ဖွင့်ထားပါကြောင်း၊ လေထု ညစ်ညမ်းမှုဖြစ်ပေါ်ရသည့် အကြောင်းရင်းများတွင် မြို့ပြဒေသများ၌ လူနေမှုထူထပ်လာခြင်း၊ တောမီးလောင်ခြင်း၊ စက်ရုံအလုပ်ရုံများမှ အခိုးအငွေ့ထွက်ရှိမှု၊ သဲမုန်တိုင်းတိုက်ခတ်မှု၊ စွမ်းအင်အမြောက်အများအသုံးပြုမှု၊ လေအေးပေးစက်များ အသုံးပြုမှု၊ ဇီဝရုပ်ကြွင်း လောင်စာ အသုံးပြုမှု၊ သွားလာပို့ဆောင်ရေးအတွက် စက်တပ်ယာဉ်များအသုံးပြုမှုတို့ဟူ၍ ဖြစ်ကြောင်း၊ လေထုညစ်ညမ်းမှုကို ကာကွယ်ရန် လျှပ်စစ်စွမ်းအင် လျှော့ချအသုံးပြုခြင်း၊ မော်တော်ယာဉ် အားလိုအပ်မှသာ အသုံးပြုခြင်း၊ သစ်ပင်များ စိုက်ပျိုးခြင်း၊ လေထုညစ်ညမ်းမှု လျှော့ချနိုင်ရေး အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်သင့်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)