မိုင်းဖြတ်၊ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပဥ္စမအကြိမ် ထောက်ပံ့ငွေများပေးအပ်သည့်အခမ်းအနားကို စက်တင်ဘာလ ၁၈ ရက် ညနေ ၂ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြိုနယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားများအား ထောက်ပံ့ပေးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများထံ အိမ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းကျပ်နှုန်းဖြင့် အိမ်ထောင်စု ၆၈၈ စုထံ ပေးအပ်နိုင်ရေးအတွက် လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများကအိမ်ထောင်စုတစ်စုလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် အိမ်ထောင်စု ၆၈၈ စုအား အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)