မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်​ရောက်

​မော်လမြိုင် နိုဝင်ဘာ ၁၃

မွန်ပြည်နယ် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အ​ခြေခံပညာအထက်တန်း သိပ္ပံဘာသာရပ်များ အတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံ သင်တန်း (ပြည်နယ်အဆင့်) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယ​မန်နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ အမှတ် (၆) အ​ခြေခံပညာအထက်​ကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီး ချုပ်က မွန်ပြည်နယ်သည် နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ ပြည်နယ်၏ အခြေခံပညာရေးကဏ္ဍ အရည်အ​သွေး တိုးတက်မြင့်မား​ရေးကို အထူးအ​လေး​ပေး ​ဆောင်ရွက်လျက်ရှိ​ကြောင်း၊ အခြေခံပညာ အထက်တန်းအဆင့် သိပ္ပံဘာသာရပ် သင်ရိုးညွှန်းတမ်းတွင် သင်ထောက်ကူ ပစ္စည်းများဖြင့် လက်​တွေ့သင်ကြားမှုကို နည်းစနစ်မှန်ကန်စွာ သင်ကြားပို့ချ​ပေးနိုင်​ရန်နှင့် ဘာသာရပ်သင် ဆရာ၊ ဆရာမများ၏ အရည်အ​သွေးအား မြှင့်တင်​ပေးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသူ၊ ​ကျောင်းသားများကို အခြေခံပညာအဆင့်မှစ၍ အစ၊ အလယ်၊ အဆုံး စနစ်တကျ လေ့ကျင့် ပြုစုပျိုးထောင်ပေးမှသာ မျိုးဆက်သစ်များ၏ ပညာ​ရေးအရည်အ​သွေး တိုးတက်မြင့်လာမည်ဖြစ်ပြီး အရည်အချင်းမီ၊ အဆင့်အတန်းမီ ပညာ​ရေးစနစ်ကို ​ဖော်​ဆောင်​ပေးနိုင်မှာ ဖြစ်​ကြောင်း၊ ဆရာ၊ ဆရာများအ​နေဖြင့် သင်တန်းလက်စွဲပါ သိပ္ပံလက်တွေ့ သင်ခန်းစာများကို  လေ့လာဆည်းပူးကာ ကျောင်းသူ၊ ​ကျောင်းသားများအား ထိရောက်စွာ ပြန်လည်သင်ကြား ပေးနိုင်ရန်နှင့် ဘက်စုံလွှမ်းခြုံနိုင်သည့် ပညာ​ရေးအခန်းကဏ္ဍကို ​ဖော်​ဆောင်​ပေးနိုင်ရန် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြ​စေလိုကြောင်း အမှာစကား​ပြောကြားခဲ့သည်။

ထို​နောက် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က အခြေခံပညာ  အထက်တန်းအဆင့်တွင် သိပ္ပံဘာသာရပ်များအတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ၍ စာ​တွေ့၊ လက်​တွေ့ သင်ကြားပို့ချ​ပေးနိုင်​ရေး ​ဆောင်ရွက်ထားရှိမှု အခြေအနေအားလည်းကောင်း၊ ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က သင်တန်းရေးရာ ကိစ္စရပ်များအားလည်း​ကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ချီးမြှင့်​ထောက်ပံ့​ငွေများ ​ပေးအပ်၍ ဆရာ၊ ဆရာမ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်ထောက်ကူပစ္စည်းများဖြင့် လက်​တွေ့သရုပ်ပြ သင်ကြားပြသ​နေမှုကို ကြည့်ရှုအား​ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)