ချီဖွေ၊ စက်တင်ဘာ ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ဖြင့် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများကို စက်တင်ဘာလ(၁၈)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်တွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည် ဖော်ရေးအဖွဲ့မှ တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများမှာ ၂၀၁၉-၂၀၂၀ပြည့်နှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သိန်း(၁၀၀၀)ဖြင့် ချီဖွေမြို့ ဘာလဲ့ဒမ်ရပ်ကွက် အလျား (၉၀၀) ပေ၊ အနံ (၂ဒသမ၅) ပေ၊ အမြင့် (၃) လက်မရှိ ချစ်ဖွင့်ဇုန်းယိန်းအိမ်ဘေးလမ်းကြား လှေခါးထစ်ဖောက်လုပ်ခြင်း လုပ်ငန်း၊ မြို့ပေါ်ရစ်လောခေါင်ရပ်ကွက် အလျား(၇၆၀)ပေ၊ အနံ(၃)ပေ၊အမြင့်(၃)လက်မ ရှိ အာစီ ကျောင်း ဖြတ်လမ်းလှေခါးထစ် ဖောက်လုပ်ခြင်းလုပ်ငန်း၊ စစ်ရှောင်ကျောင်း မေခအနောက်ဘက်ကမ်း စစ်ရှောင်ကျောင်းပြုပြင်ခြင်း၊ ဖလ၊ ကောင်လာစစ်ရှောင်ကျောင်းပြုပြင်ခြင်းနှင့် ဂျိတ်လွယ်စစ်ရှောင် ကျောင်း ပြုပြင်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ချီဖွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ဦးဘီထောဇောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလတ်ထွယ်အောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇောင်းရယ်တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
နန်းမြင့်(မြို့နယ် ပြန်/ဆက်)