မောက်မယ်မြို့နယ် အ.ထ.က ၌ အသိပညာပေး ဟောပြောပွဲကျင်းပ

မောက်မယ် နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် မှုခင်းကျဆင်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) နှင်းဆီဆောင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးမြင့်ဇော်က ကလေးသူငယ်မှုခင်းကျဆင်းရေး အကြောင်းကို လည်းကောင်း၊ မြို့နယ်တရားသူကြီး ဦးမင်းခန့်ဇေယျာလွင်က အသက်အရွယ်အလိုက် သိသင့်သိထိုက်သည့် ဥပဒေများဆိုင်ရာ အကြောင်းကိုလည်းကောင်း၊ မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး မင်းနိုင်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်စိုးမိုးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာဥပဒေများ အကြောင်းကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က အခြေခံပညာရေးမျှော်မှန်းချက်နှင့် မူဝါဒများ အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့သည်။

ထိုဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)