မက်မန်း နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၂) နှစ် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြသခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပြသခဲ့သည်။
ထိုသို့ပြသဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ လေ့လာဖတ်ရှု့သင့်သော မော်ဖဒေသ သမိုင်းကြောင်းစာအုပ်များ၊ နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက် မှတ်တမ်းစာအုပ်များ၊ ထင်ရှားကျော်ကြားလှသော စာရေးဆရာ/ဆရာမကြီးများ၏ စာအုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နုတ်ချက်များ၊ ကလေးများအတွက် ရုပ်ပြ/ကာတွန်း စာအုပ်များအားပြသခြင်းနှင့် နံရံကပ်စာစောင်တွင် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သော ဗဟုသုတဖြစ်ဖွယ် မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါးများ၊ ကာတွန်းများနှင့် စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြသထားကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများ၊ ကျောင်းသား/သူများ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့(အဖွဲ့ဝင်)များ စုစုပေါင်း (၈၀)ဦး တက်ရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်( ခရိုင်၊ ပြန်/ဆက်)