ပေါင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

ပေါင် နိုဝင်ဘာ ၁၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေး ဟောပြောခြင်း စွမ်းရည်ပြိုင်ပွဲများပြုလုပ်ခြင်း၊ စာအုပ်စာပေများနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ကဒါရပ်ကွက် (ကဒါဈေး)အခြေခံပညာ မူလတန်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ရှေးဦးစွာ အမက(ကဒါစျေး) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး​ ဒေါ်နီနီဝင်းက အမျိုးသား အောင်ပွဲနေ့ အကြောင်း သိကောင်းစရာများကို ဆွေးနွေးအမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပေါင်မြို့နယ်ရုံးမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အိအိခင်က ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးတို့ကို အသိပညာပေး ဟောပြောသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေး ပုံပြင်၊ ကဗျာနှင့် စိတ်ဝင်စား ဖွယ်ရာ စာအုပ်စာအုပ်စာ‌ပေများ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်‌ရေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် မီး​ဘေးအန္တရာယ် အသိပညာပေး နံရံကပ်စာ‌စောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)