ထန်းတပင် နိုဝင်ဘာ ၁၁
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ အသိပညာဗဟုသုတများ ပိုမိုသိရှိစေရန်နှင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းအရာများကို သိရှိနားလည်စေရန်အတွက် ယနေ့နေ့လယ်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre) တွင် အမျိုးသားအောင်ပွဲအကြောင်းကို စာဖတ်ဝိုင်းပြုလုပ်ကာ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေး က စာဖတ်ဝိုင်းဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုး (Book Club) အဖွဲ့ အတွင်းရေးမှူး ဆရာမ(အငြိမ်းစား) ဆရာမ ဒေါ်ပြုံးပြုံး က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြသထားသည့် နံရံကပ်စာစောင်ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရပြီး ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမတွင် စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်လူငယ် များအတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိသည့်အပြင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင်လည်း Talk Show အစီအစဉ်ပြုလုပ်၍ အသိပညာပေးခြင်း၊ စာအုပ်မိတ်ဆက်၊ ပုံပြော၊ ကဗျာရွတ်များ စီစဉ်တင်ဆက်ခြင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင်လည်း သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံတို့ကိုလည်း စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုနိုင်ရေး ဝန်ဆောင်မှုများကို ပေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)