ကလော နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွှဲ ၁ နာရီက အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများရရှိစေရေး၊ အားလပ်တဲ့အချိန်မှာ စာအုပ်စာစောင်များဖတ်၍ အချိန်ကို အကျိုးရှိရှိအသုံးချတက်စေရန်နှင့် စာပေဖတ်ရှု့ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးအကြောင်းနှင့် လူငယ်ရေးရာအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။ထို့နောက် ရုပ်သံကျွမ်းကျင်-၃ဒေါ်စိန်ခြူးက ကလေးများစိတ်ဝင်စားစေမည့် ပုံပြင်စာအုပ်လေးထဲမှ ဒေါက်တာမေမွန်ရေးသားသည့် စိတ်ထားပုပ်တဲ့ယုန်ဖြူတုတ် ပုံပြင်လေးကို ပြောပြခဲ့ရာ ကလေးငယ်များက စိတ်ဝင်တစားနားထောင်ခဲ့ကြပြီး ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ ပုံပြင် စာအုပ်စာစောင်များထဲမှ မိမိတို့ငှားရမ်းဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို ငှားပေးခဲ့ခြင်း၊ အသိပညာဗဟုသုတရရှိစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာနံရံကပ်စာစောင်ပြခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ကျော်ဝင်း(ကလော)