သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သထုံ     နိုဝင်ဘာ     ၁၁

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေး က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးစောဘသိန်း က အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များနှင့် ဆောင်ပုဒ်၊ မျိုးချစ်စိတ်ဓါတ်များ နိုးကြားလာကာ မြန်မာ့လွတ်လပ်ရေးကို အရယူသည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံ၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်အကြိမ်ကြိမ် ဆွေးနွေးခဲ့မှုများ၊ အမျိုးသားအောင်ပွဲနေ့ကို သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့မှုများနှင့် အနာဂတ်လူငယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် ဂုဏ်ကျေးဇူးများကို မမေ့မလျော့ လက်ဆင့်ကမ်း အလေးအမြတ်ထားကြရေး စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်း အပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)