ကချင်ပြည်နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ ၁၁

ကချင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြစ်ကြီးနားမြို့ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်သည်။

ရှေးဦးစွာ ကချင်ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်နယ်အတွင်း ကလေးသူငယ်များ၏ အခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များ အပြည့်အဝ ရရှိခံစားပြီး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကော်မတီဝင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်က ကလေးသူငယ် အခွင့်အရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ​ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကလေးသူငယ်များ၏ အခွင့်အရေးများ အပြည့်အဝ ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အစည်းအဝေးတွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)