သင်္ဃန်းကျွန်း နို၀င်ဘာ ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမတွင် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)မှ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကို အမျိုးသားနေ့ဟူ၍ သတ်မှတ်ရခြင်းကား ခရစ် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားများသည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် သပိတ်မှောက်သောနေ့ဖြစ်သောကြောင့်ဖြစ်သည်။ ယင်းသို့သပိတ်မှောက် လိုက်ခြင်းသည် မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြားလက်အောက်မှ ပြန်လည် လွတ်မြောက်ရေးအတွက် အမျိုးသားတော်လှန်ရေးကြီးကို စတင်လိုက်ခြင်းပင်ဖြစ်သည်။ ထိုသပိတ်ကြီးမှ ပေါ်ထွက်လာသော ဝံသာနုစိတ်ဓာတ်ဖြင့် အမျိုးသားစည်းလုံး ညီညွတ်မှုကိုတည်ဆောက်ကာ လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲခဲ့ရာ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်တန်ဆောင်မုန်းလဆုတ် ၁ဝ ရက်နေ့ကိုပင် အမျိုးသားနေ့အဖြစ် ဆက်လက်အသိအမှတ်ပြုခဲ့ကြောင်း စသည်ဖြင့် ဟောပြောခဲ့ပြီး လူငယ် လူရွယ် (၂၀) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ဝါဝါ(ပြန်/ဆက်)