သီးထပ်စွမ်းအားမြင့်မားရေးအတွက် ဆောင်းသီးနှံ၊ နွေသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းကျေးရွာ၊ SMU ခန်းမ၌ သီးထပ်စွမ်းအားမြင့်မားရေးအတွက် ဆောင်းသီးနှံ၊ နွေသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရန် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက" ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝတိုးတက်လာမှသာ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှာဖြစ်ပါကြောင်း၊ ကျေးလက်နေတောင်သူအများစုမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ ဖြစ်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်ပါက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် မိမိစိုက်ပျိုးမည့် သီနှံများအလိုက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်စေလိုကြောင်းနှင့် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးရေးကာလမှာ သီးနှံစိုက်စွမ်းအားဖွံ့ဖြိုးတိုးတက်စေရန် သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ တောင်သူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း" ပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများက သီးထပ်စွမ်းအား မြင့်မားရေးအတွက်ဆောင်းသီးနှံ၊ နွေသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ နွေသီးနှံတိုးချဲ့ စိုက်ပျိုးမှုအပေါ် ရေပေးဝေမည့်အခြေအနေများ၊ စက်မှုလယ်ယာဝန်ဆောင်မှု ပေးမည့် ကဏ္ဍများအား အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်‌ရောက်လာကြသည့် တောင်သူများက စိုက်ပျိုးစရိတ်၊ ထွန်ယက်ရေးကိစ္စများ၊ ကျေးလက်ကုန်ထုတ်လမ်းများအကြောင်းကို ဆွေးနွေး တင်ပြကြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင်  ဦးမြင့်စိုး၊ သက်ဆိုင်ရာဌာနများမှ တိုင်းဦးစီးမှူးများနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)