ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေးရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူးဒုတိယရဲမှူးမျိုးသန့်က ကျောင်းသား/သူများအား အပြည်ပြည်ဆိုင်ရာယာဉ်ထိန်းသိမ်းခြင်းနည်းစနစ်(၅)မျိုး၊ လမ်းအသုံးပြုသူများ လိုက်နာရမည့်မီးပွို့င်စနစ်နှင့် လမ်းညွှန်အမှတ်အသားများ၊ မော်တော်ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများ၊ ယာဉ်တိုက်မှုအမျိုးအစားများ၊ လမ်းလျှောက်သူများလိုက်နာရန်စည်းကမ်းများ၊ စက်ဘီးစီးသူများလိုက်နာရမည့်စည်းကမ်းများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုလိုက်နာရမည့်အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး ယာဉ်စည်းကမ်း လိုက်နာရေး အသိပညာပေးမှတ်တမ်းဓာတ်ပုံများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးကာတွန်းပုံများကို ပြသပေးခဲ့သည်။
ထို့နောက် ကျောင်းသား/သူများကိုယ်စား ကျောင်းသားတစ်ဦးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ လက်ခံရယူခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား(၁၈၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)